Quantcast
Channel: Venerable Kusalasami
Viewing all articles
Browse latest Browse all 105

ဂျာမနီက ဗုဒ္ဓနေ့ပွဲတော်နှင့် မှတ်မှတ်ရရ အတွေးများ

$
0
0









(၁)
“ဖွား ပွင့် ဟော စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ”ဆိုတဲ့ လင်္ကာလေးနဲ့အညီ မြတ်စွာဘုရားရှင်ရဲ့ အဖြစ်အပျက်ကြီး ၅ ခုကို အကြောင်းပြုပြီးဗုဒ္ဓနေ့ပွဲတော်တွေ ကမ္ဘာ့နေရာအနှံ့အပြားမှာ ကျင်းပလေ့ရှိကြတယ်။ မြန်မာမှာတော့ ဖွားမြင်ခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ မဟာဗုဒ္ဓဝင်ကို ဟောတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းနဲ့ ဗျာဒိတ်ခံယူတော်မူခြင်းဆိုတဲ့ အဖြစ်အပျက်ကြီး ၅ ခုလို့ ဆိုကြပေမဲ့ အများအားဖြင့်တော့ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ အဖြစ်အပျက် ၃ ခုကိုပဲ လက်ခံပြောဆိုကြပါတယ်။

(၂)
ဂျာမနီကို ရောက်ပြီး ၁ဝ ရက်ကျော်ကျော်ကတည်းက ဗုဒ္ဓနေ့ပွဲတော်ကျင်းပရေးအတွက် ကျောင်းမှာ အစည်းအဝေးလုပ်ကြတယ်။ ပုံမှန်အားဖြင့်တော့ မေလ ၁၁ ရက်နေ့မှာ ကျင်းပကြပေမဲ့ ပွဲတော်တွေ တိုက်နေတဲ့အတွက် မေလ ၁၇၊ ၁၈ နှစ်ရက်တိုင်တိုင် ကျင်းပဖို့ သဘောတူကြတယ်။ နောက်ပြီး ပွဲတော်အစီအစဉ်တွေကို ဆွေးနွေးကြတယ်။

Dhamma Talk တရားပွဲအစီအစဉ်ကို ဆွေးနွေးရာမှာ ဂျာမန်ရဟန်းတော်က ကျောင်းအတွင်းနဲ့ကျောင်းအပြင် ၂ ဌာနခွဲပြီး ဂျာမန်လို သူက အပြင်မှာ ဟောမယ်၊ ဦးဇင်းက အတွင်းမှာ အင်္ဂလိပ်လို ဟောဖို့ အဆိုပြုတော့ ဦးဇင်းက ရောက်တာ မကြာသေးဘူး၊ အဆင်သင့်ဖြစ်ပါ့မလား၊ အရှင်ဘုရားပဲ ဟောပါလို့ ပြောမိတယ်။ ဒါနဲ့ သူက ဘာမှ စိုးရိမ်မနေနဲ့၊ ဟောသာ ဟော၊ ပြောသာ ပြော … အားလုံးက အရှင်ဘုရား ပြောတာ နားထောင်ချင်နေကြတယ်လို့ ဆိုတာနဲ့ လက်ခံဖြစ်တယ်။

မနက် ၁ဝ နာရီကနေ ၁၁ နာရီထိ တစ်ကြိမ်၊ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီထိ တစ်ကြိမ်၊ ညနေ ၅ နာရီကနေ ၆ နာရီထိ တစ်ကြိမ် ဟောဖို့ အစီအစဉ် ချက်မှတ်လိုက်တယ်။ ၁၈ ရက်နေ့ မနက် ၁ဝ နာရီကိုတော့ မြန်မာဒကာ၊ ဒကာမများ လာမှာဖြစ်တဲ့အတွက် မြန်မာလိုဟောဖို့ အစီအစဉ် ထည့်လိုက်တယ်။

(၃)
ဟောပြောရမယ့် ခေါင်းစဉ်တွေကတော့
(က) ဗုဒ္ဓနေ့ပွဲတော်များ ကျင်းပရခြင်းအကြောင်း
(ခ) တရားထိုင်ရခြင်းအကြောင်းနှင့် တရားထိုင်ပုံထိုင်နည်းများ
(ဂ) ဗုဒ္ဓနည်းဖြင့် လူတော်လူကောင်းဖြစ်အောင် တည်ဆောက်ခြင်း
(ဃ) ဗုဒ္ဓဘာသာဟူသည်
(င) ပြီးပြည့်စုံသောလူသားတစ်ယောက်ဖြစ်အောင် မည်သို့ လုပ်မည်နည်း (ပါရမီ ၁ဝ ပါး) တို့ပါပဲ။

ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အဲဒီအစည်းအဝေးကတည်းက ရင်ထဲမှာ အလုံးကြီးမဟုတ်ရင်တောင် အလုံးလေး ရှိနေခဲ့တယ်။ ဂျာမန်စာကလည်း လေ့လာရသေးတယ်။ ဟောပြောရမယ့်ဟာတွေအတွက်လည်း ပြင်ဆင်ရဦးမယ်။ စာတွေ ဖတ်၊ စဉ်းစား၊ စီစဉ်၊ အလုပ်တွေ အတော်ရှုပ်သွားတယ်။ အကြောင်းအရာတွေကတော့ အလွန်ရိုးရှင်းလွယ်ကူပါတယ်။ အကောင်းဆုံး ဟောပြောနိုင်ဖို့ပဲ စိတ်ပူမိတာပါ။ ဒါပေမဲ့ မေလ ၁၇ ရက်မရောက်ခင် ကျောင်းရောက်လာတဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများကို ဟောပြောလိုက်ရတဲ့အတွေ့အကြုံတွေ ရလာတဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်သွားခဲ့ပါတယ်။

နောက်ပြီး ဂျာမနီကို စရောက်ကတည်းက “လုပ်မလား”လို့ မေးရင်သာ ငြင်းချင် ငြင်းမယ်။ သွားရဲသလား၊ လုပ်ရဲသလားလို့ မေးလာရင်တော့ “နိုး”လို့ ဘယ်တော့မှ မပြောဘူး။ ဂျာမန်ရဟန်းတော်ကိုလည်း အရှင်ဘုရား လုပ်နိုင်တဲ့အရာမှန်သမျှကို တပည့်တော် လုပ်နိုင်တယ်၊ ခိုင်းပါ၊ ပြောပါ၊ ဒါပေမဲ့ အရှင်ဘုရားတောင် မလုပ်နိုင်တာ၊ မလုပ်ချင်တာကိုတော့ တပည့်တော်ကို မခိုင်းပါနဲ့လို့ ပြောထားတာပါ။

(၄)
ဦးဇင်းတို့ဆီက မေလ ၁၇၊ ၁၈ မှာဆိုပေမဲ့ မြူးနစ်မြို့ပေါ်မှာတော့ ဂျာမနီနိုင်ငံသားတွေ၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ တိဗက် စတဲ့ နိုင်ငံသားတွေ ဦးဆောင်ပြီး ဗုဒ္ဓနေ့ပွဲတော်ကို West Park ဥယျာဉ်ကြီးထဲမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပါတယ်။ ကျောင်းက ဥက္ကဋ္ဌကြီး မစ္စတာဂုဏရဲ့ကားနဲ့ West Park ကို ရောက်သွားခဲ့တယ်။ ဥယျာဉ်ကြီးက မြက်ခင်းပြင်အကျယ်ကြီး၊ သန့်ရှင်းတဲ့ ရေကန်၊ ချယ်ရီပန်းများ၊ အခြားအရောင်အသွေး စုံတဲ့ ပန်းမျိုးစုံတို့နဲ့ အလွန်သာယာလှပါတယ်။ ရေကန်နားရောက်တာနဲ့ အဝေးကနေ လှမ်းမြင်ရတဲ့ လူတွေ အများကြီး စုဝေးနေတဲ့နေရာက ဓမ္မတေးသံများ စတင်ကြားရတယ်။ စင်္ကာပူ၊ မလေးရှားက တရုတ်ကျောင်းတွေမှာ ကြားရလေ့ရှိတဲ့ တရုတ်ဘုန်းကြီးများ ရွတ်ဆိုနေတဲ့အသံပါ။

ဦးဇင်းတို့လည်း အသံကြားတဲ့ ပွဲတော်ရှိရာအရပ်ကို ဦးတည်လျှောက်လှမ်းလာခဲ့ကြတယ်။
ဈေးရောင်းပွဲတော်များ၊ ထိုင်းစားသောက်ဆိုင်များ၊ ဗီယက်နမ်, ထိုင်း, တိဗက် စသော နိုင်ငံများမှ ရိုးရာပစ္စည်းများ ရောင်းချသောဆိုင်များကို တွေ့ခဲ့ရတယ်။ ဆိုင်အားလုံးက မဟာယာန၊ တိဗက်တန်ဗုဒ္ဓဘာသာ အရိပ်အငွေ့များပင် လွှမ်းမိုးထားတာကို တွေ့ရတယ်။ Buddha Haus လို့ခေါ်တဲ့ မေတ္တာဝိဟာရတစ်ကျောင်းတည်းသာ ထေရဝါဒကျောင်းဖြစ်တာကို တွေ့ရတယ်။

(၅)
“အရှင်ဘုရား ဒီကို လာရတာ ပျော်လား၊ ဘယ်လို ခံစားရလဲ”တဲ့။ ဥက္ကဋ္ဌဂုဏက မေးတယ်။ “ဒီလိုပါပဲ၊ ဗဟုသုတတော့ ရပါတယ်”လို့ပဲ ဖြေလိုက်တယ်။ “တပည့်တော်ကတော့ မကြိုက်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ထေရဝါဒမတွေ့ရလို့”တဲ့။ ဥက္ကဋ္ဌကလည်း ကျောင်းက ဂျာမန်ဘုန်းကြီး လေသံအတိုင်းဖြစ်နေတာကို တွေ့ရတယ်။ တကယ်တော့ မဟာယာနတွေ၊ ထေရဝါဒတွေ အလွန့်အလွန် ခွဲခြားနေတာကို သိပ်မကြိုက်လှပါ။ ဗီယက်နမ်ဘုန်းကြီး သစ်နက်ဟန်၊ တိဗက်ဘုန်းကြီး ဒလိုင်းလားမားတို့ကြောင့် ဗုဒ္ဓအကြောင်းကို လူအများ စိတ်ဝင်စားမှု ရှိလာခြင်းကို အသိအမှတ်ပြုရမှာဖြစ်ကြောင်း၊ ဒလိုင်းလားမား ဟောပြောတာကတော့ ငြိမ်းချမ်းဖို့ထက် ချစ်စရာ၊ ပျော်စရာအဖြစ်သာ ခံစားလို့ ရပေမဲ့ သစ်နက်ဟန်ရဲ့ ဟောပြောမှုများက ကြည့်ရှုသူတိုင်းကို ငြိမ်းချမ်းမှုပေးနိုင်ကြောင်း စသဖြင့် ဥက္ကဋ္ဌကို ပြောဖြစ်ခဲ့တယ်။

(၆)
West Park ဥယျာဉ်ကြီးထဲ ရောက်စဉ်က အကြီးမားဆုံး ဆန္ဒတစ်ခု ဖြစ်တည်ခဲ့ပါတယ်။ ဖြစ်တည်လာရတဲ့အကြောင်းကတော့ ဒီဥယျာဉ်ကြီးထဲ ရောက်တာနဲ့ အဝေးကနေ လှမ်းတွေ့လိုက်ရတဲ့ ဘုရားတန်ဆောင်းတစ်ခုကြောင့်ပါပဲ။ ရေကန်အကြီးကြီးရဲ့ ဘေးက ရေကန်အသေးမှာ ထိုင်းနိုင်ငံဗိသုကာနဲ့ ရပ်တော်မူတန်ဆောင်းကြီးကို တွေ့လိုက်ရတယ်။ ပထမတော့ ဗုဒ္ဓနေ့ပွဲတော်ကြောင့် ယာယီပြုလုပ်ထားတာလို့ ထင်ထားတာ။ ဥက္ကဋ္ဌကို မေးကြည့်တော့မှ ယာယီမဟုတ်ကြောင်း၊ ထိုင်းဗိသုကာလက်ရာနဲ့ အမြဲတည်ဆောက်ထားတဲ့ တန်ဆောင်းဖြစ်ကြောင်း၊ ထိုင်းသာမက နီပေါလ်၊ တရုတ်၊ ဂျပန်ဆိုင်ရာများလည်း ရှိကြောင်း သိလိုက်ရတယ်။ ထိုင်းတန်ဆောင်းကို ကြည့်လိုက်တဲ့အခါ အဆောက်အအုံက ဆွဲဆောင်မှုရှိပေမဲ့ ရပ်တော်မူဘုရားဆင်းတုက နည်းနည်းမှ ကြည့်မကောင်းဘူး။ မြန်မာ့ဗိသုကာဆရာများ အပျင်းပြေထုထားသလိုတောင် ဖြစ်နေသလား အောက်မေ့မိတယ်။

အကြီးမားဆုံးဆန္ဒဆိုတာကတော့ အဲဒီ West Park ဥယျာဉ်ကြီးထဲမှာ မြန်မာ့ဗိသုကာလက်ရာတွေ ထုံမွှမ်းထားတဲ့ ဘုရားတန်ဆောင်းကြီးတစ်ခု ပေါ်ပေါက်စေချင်တာပါပဲ။ ဥက္ကဋ္ဌကို မေးကြည့်တော့ သူက ရယ်ပြီးတော့ “ပိုက်ဆံသာ မင်းတို့ မြန်မာတွေ အကုန်အကျ ခံနိုင်ရင် ဂျာမနီအစိုးရကတော့ Welcome ဖြစ်နေမှာပါ”တဲ့။ စွမ်းဆောင်နိုင်သူများ ပေါ်ပေါက်ပါစေသတည်း။

ဆက်ရန် ..........

အရှင်ကုသလသာမိ (အတည်မဲ့)
၂ဝ၊ ဝ၅၊ ၂၀၁၄

Viewing all articles
Browse latest Browse all 105

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


အနာထပိဏ်သူဌေးနှင့် တံခါးစောင့်နတ်။


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


ICJ ကြားဖြတ် အစီအမံ (Provisional Measures) လိုက်နာ၊ မလိုက်နာ


ယောမြို့ ကပြန်ခဲ့တယ် ... ဆေးဝါးလည်း ကျွန်တော်နားမလည် ( ၂ )


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဗမာပြည်ကွန်မြူနစ် ပါတီ (CPB) နဲ့ NLD &အောင်-စု-တင် ပြိုကွဲခြင်း


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


ဖိုးသင်းမျောက်


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရေကြီးရေလျှံခြင်း နှင့် မြွေအန္တရာယ်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်