Quantcast
Channel: Venerable Kusalasami
Viewing all articles
Browse latest Browse all 105

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (နိဂုံး)

$
0
0
အရှင်ကုမာရကဿပ၏ ဥပမာ (၁၄)

အရှင်ကုမာရကဿပက နောက်ထပ် ဥပမာတစ်ခုဖြင့် ထပ်မံပြောကြားခဲ့ပါသည်။ ထိုဥပမာသည် ယနေ့ခေတ်ကာလ အများသိဥပမာတစ်ခု ဖြစ်ပါသည်။

“တစ်ခါက သူငယ်ချင်းနှစ်ယောက် စီးပွားရှာထွက်ကြတယ်။ လမ်းမှာ ပိုက်ဆံလျှော်ထုပ်တွေကို တွေ့လို့ တစ်ထုပ်စီ ထမ်းခဲ့ကြတယ်။ နောက်တစ်နေရာမှာ ပိုက်ဆံလျှော်ချည်ထုပ်တွေ့တယ်။ အဲဒီအခါ တစ်ဦးက “သူငယ်ချင်း ဒီမှာ ပိုက်ဆံလျှော်ချည်ထုပ်ကို တွေ့နေပြီဆိုတော့ ပိုက်ဆံလျှော်ထုပ်ကြီးကို ပစ်ထားခဲ့ပြီး ပိုက်ဆံလျှော်ချည်ထုပ်ကို သယ်သွားကြရအောင်”လို့ ပြောတယ်။ အခြားသူငယ်ချင်းက “ဒီပိုက်ဆံလျှော်ထုပ်ကြီးကို အဝေးကြီးကတည်းက သယ်လာရတာ၊ လွှင့်ပစ်ရမှာ နှမြောစရာကြီး”လို့ဆိုကာ ပိုက်ဆံလျှော်ထုပ်ကိုသာ ထမ်းခဲ့လေတယ်။ တစ်နေရာမှာ ဂုံလျှော်ထုပ်ကို တွေ့ပြန်တယ်။ တစ်ဦးက ပိုက်ဆံလျှော်ချည်ကို ထားခဲ့ပြီး ဂုံလျှော်ထုပ်ကို ယူတယ်။ တစ်ဦးက မူလပိုက်ဆံလျှော်ထုပ်ကိုသာ ဆက်လက်သယ်ခဲ့တယ်။ အစဉ်အတိုင်း ဂုံလျှော်ချည်ထုပ်၊ ဂုံလျှော်ချည်အ၀တ်ထုပ်၊ ၀ါဂွမ်း၊ ၀ါချည်၊ ၀ါချည်အ၀တ်၊ သံ၊ ခဲပုပ်၊ ဘင်၊ ငွေ၊ ရွှေ…တို့ကို တွေ့ခဲ့ရာ တစ်ဦးက တန်ဖိုးနည်းရာကို စွန့်ပစ်ပြီး တန်းဖိုးကြီးရာကို ယူခဲ့တယ်။ အခြားတစ်ဦးက မူလတန်ဖိုးနည်း ပိုက်ဆံလျှော်ထုပ်ကြီးသာ သိမ်းပိုက်လာခဲ့တယ်။ ဉာဏ်ပညာရှိတဲ့၊ ဆင်ခြင်ဉာဏ်ရှိတဲ့ သူကတော့ အဟောင်းကြီးကို အမြတ်တနိုး မထားတော့ဘူး။ ပိုကောင်းတဲ့အရာကို တွေ့ရင် စွန့်ပစ်နိုင်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့သူကတော့ ကောင်းမွန်မြင့်မြတ်တဲ့အသစ်ကို တွေ့နေတာတောင် အဟောင်းကြီးကို မစွန့်ပစ်နိုင်ကြဘူး။

မြို့စားကြီး သင်ဟာလည်း ဆင်ခြင်ဉာဏ်ကင်းမဲ့တဲ့ သူလိုပဲ။ အခု ကောင်းမွန်မြင့်မြတ်တဲ့အရာတွေဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မအယူအဆတွေကို တွေ့လာရပြီ။ ဒါပေမယ့် သင်က သင့်ရဲ့ အယူဝါဒအဟောင်းကြီးကို မစွန့်ပစ်နိုင်သေးဘူး။ အသိတရားရှိလာပါတော့ မြို့စားကြီး၊ သင့်အယူအဆတွေကို ပြောင်းလိုက်ပါ”

မြို့စားကြီး ၀န်ခံပြီ
ထိုအခါ မြို့စားကြီးထံမှ ရယ်ရခက်ခက်၊ ငိုရခက်ခက် စကားကို ကြားလိုက်ရလေသည်။ သူတို့ အပြန်အလှန် ပြောလိုက်ပုံကြပုံက
“အရှင်ကုမာရကဿပ… ရှေ့မှာ သင်ပြောခဲ့တဲ့ စကားတွေ၊ ဥပမာတွေကို ကြားရကတည်းက အရှင်ပြောတာတွေကို သဘောကျနေတာ”ဟူ၍။

ထိုအခါ အရှင်ကုမာရကဿပက
“အော်… ဒါနဲ့များ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေရသလား၊ စောစောကတည်းက အယူဝါဒဟောင်းကို စွန့်လိုက်ပါပြီ၊ အရှင်အယူအဆတွေကို လက်ခံလိုက်ပါပြီလို့ ပြောလိုက်ပါလား (အခုတော့ စာဖတ်သူတွေ မျက်စိညောင်းကုန်ကြပြီ…း)း)း)”ဟု အားမလိုအားမရ ဆိုလိုက်သည်။ ထိုအခါ မြို့စားကြီးက
“ကျွန်ုပ်က စောစောစီးစီး အရှင်ပြောတာကို လက်ခံလိုက်ရင် အရှင့်ဆီက အခုလို ထူးထူးဆန်းဆန်း တရားစကားတွေ ဘယ်လိုလုပ် ကြားရတော့မလဲ၊ အရှင့်အနေနဲ့ တပည့်တော် ကန့်လန့်တိုက်နေတာတွေကို ဘယ်လိုများ တုန့်ပြန်မလဲလို့ သိချင်တာကြောင့် ပေတေပြီး ငြင်းနေရတာပါ (သူပြောလိုက်တော့လည်း အဟုတ်သား၊ မြို့စားကြီးသာ ပေတေပြီး ငြင်းမနေခဲ့ဘူးဆိုရင် စာရေးသူတို့ ဒီလောက်ဗဟုသုတတွေ ဘယ်တိုးမလဲ)”ဟု ပြောလိုက်သည်။

မြို့စားကြီးထံမှ အဆိုပါစကားကို ကြားရသောအခါ အရှင်ကုမာရကဿပက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီး တရားဓမ္မများ ဆက်လက်ဟောကြားခဲ့လေသည်။ ဤမျှလောက် ကပ်သီးကပ်သပ် ဆိုတတ်သော မြို့စားကြီးကို မည်သို့သောတရားများ ဟောလေသနည်း။ မြတ်ဗုဒ္ဓ၏ တရားဓမ္မက ထူးခြားမှုတော့ မရှိပါ။ အကျဉ်းချုပ်လိုက်လျှင် ဒါန၊ သီလနှင့် ဘာဝနာသာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်သည် မည်၍မည်မျှ ကျယ်ကျယ်ဝန်းဝန်း ဟောနေသည်ဖြစ်စေ လိုရင်းက ဤသုံးမျိုးသာ ဖြစ်ပါသည်။ သို့ရာတွင် ထိုသုံးမျိုးသို့ သတ္တ၀ါများ၏ ဓလေ့စရိုက်များအရ ချဉ်းကပ်ပုံ အမျိုးမျိုး ကွဲပြားသဖြင့် သူ့နည်း၊ ကိုယ်နည်းများအဖြစ် တွေ့မြင်နေရခြင်း ဖြစ်ပါသည်။ အရှင်ကုမာရကဿပ ဟောကြားခဲ့သောတရားများက ဤသုတ်တော်တွင် ရှည်လျားစွာ ပါဝင်နေပါသည်။ ထိုတရားများကို မဖော်ပြတော့ပါ။ အကျယ်ဖတ်ရှုလိုပါက ဒီဃနိကာယ်၊ မဟာဝဂ်၊ ပါယာသိသုတ်ကို ကြည့်ရှုနိုင်ပါသည်။

စာဖတ်သူများ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဗဟုသုတ၊ မြတ်စွာဘုရားခေတ် အိန္ဒိယတွင် ဗုဒ္ဓဘာသာ လှုပ်ရှားခဲ့ပုံများ၊ သာသနာပြုခဲ့ကြပုံများ…စသော သုတများကို ရရှိကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

မြို့စားကြီး ပါယာသိနှင့် တမလွန်ဘ၀ပြဿနာ….ဤနေရာတွင် ပြီးပါပြီ…

Viewing all articles
Browse latest Browse all 105

Trending Articles